Sunday, December 20, 2009

6 Days - 5 Nights at Home


စွန့်စားခန်းတွေအကြောင်း သဘောကျတတ်တဲ့ကျွန်မအတွက် စွန့်စားခန်းတစ်ခု ရင်ဆိုင်ရဖို့ ကြုံလာတယ်။ ဟုတ်တယ်... အဲဒီစွန့်စားခန်းက သူများတွေအတွက် ရယ်မောစရာဖြစ်နိုင်ပေမဲ့ ကျွန်မအတွက်တော့ ကြီးကြီးမားမားကြီးကို ဖြစ်ခဲ့တာပေါ့... တစ်နေရာရာမှာ စွန့်စွန့်စားစား ခရီးရှည်သွားရတာ မဟုတ်ပါပဲနဲ့ အိမ်မှာပဲ ၅ ည အိပ် ၆ရက်စာ ခရီး တစ်ယောက်တည်းနေခဲ့ရတယ်..
မေမေက ပျဉ်းမနားမှာ တစ်ယောက်တည်းနေနေရတဲ့ ဖေဖေ့ဆီကို ခရီးနှင်လို့၊ အမကတော့ Judson Church မှာ သမ္မာကျန်းစာသင်တန်းတက်ဖို့ ...
အသီးသီးသွားကုန်ကြပြီ... သူငယ်ချင်းတစ်ယောက်က အရင်က နှစ်ညအိပ်လာအိပ်ပေးခဲ့ဖူးပေမဲ့ တနင်္လာနေ့မနက် ကျွန်မအိမ်ကနေရုံးဆီ သုတ်ခြေတင်ကြတဲ့အခါ .. အမြဲနောက်ကျတတ်တဲ့ ကျွန်မကြောင့် သူငယ်ချင်းပါ ရုံးမှာ အ၀ါကတ်ထိသွားတော့တယ်..
(၉နာရီကျော်တာနဲ့ လတ်မှတ်ထိုးရတဲ့ကတ်က အ၀ါရောင်ပြောင်းပြီးချတယ်။ ၁၅မိနစ်ကျော်ရင်တော့ အနီရောင်ပေါ့ .. အဲ့လို)
ကျွန်မရဲ့ ၁၀မိနစ်မြန်ထားတဲ့နာရီကလဲ မကယ်နိုင်ပါဘူး။ ဒီတော့ ကျွန်မဆုံးဖြတ်လိုက်တယ်... တစ်ယောက်တည်းပဲနေကြည့်လိုက်မယ်ပေါ့... တွေးရင်းနဲ့တောင် ခပ်လန့်လန့်ပါပဲ...

ပထမည
အဲဒီနေ့က အိမ်ပြန်ခါနီး အချိန်ရောက်လာတဲ့အခါ လူကထိတ်ထိတ်ပျာပျာဖြစ်လာပြီ။
ခါတိုင်းလဲ ရုံးပြန်နောက်ကျတတ်ပေမဲ့ အဲဒီနေ့ကတော့ ခါတိုင်းထက်နောက်ကျပြီးမှပြန်မယ်ပေါ့။
အလုပ်တွေ မရှုပ် ရှုပ်အောင်လုပ်နေလိုက်တယ်။
အလုပ်လုပ်ရတာမျက်စိတွေကျိန်းပြီး စိတ်မပါတော့ပေမဲ့ နာရီကိုတကြည့်ကြည့် ... ကျွန်မတို့ dept. က brother တွေတောင် ပြန်ကုန်ကြပြီ။
တစ်ယောက် ... နှစ်ယောက် ... သုံးယောက် ... မန်နေဂျာပဲရှိတော့တယ်။
နာရီကိုကြည့်ပြန်တယ်။ ဟုတ်တယ်... ရှောင်လွှဲလို့မှမရတာ ပြန်ရတော့မယ်။ ညရှစ်နာရီထိုးနေပြီ။
စင်ကာပူက သူငယ်ချင်းတစ်ယောက်က gtalk မှာ လာပြောတယ်။
"မပြန်သေးဘူးလား"တဲ့ ... အစကတည်းက ငိုချင်ချင်ဖြစ်နေတာ... ဟုတ်တယ် .. ဒီလို.. ဒီလို သူငယ်ချင်းကိုပြောပြ .. “နောက်ကျမှပြန်ရင် ပိုကြောက်ဖို့ကောင်းမှာပေါ့”တဲ့ သူငယ်ချင်းက.. “သရဲရှိုလို့လား” တဲ့..
“ဟာ ... မရှိပါဘူး” ဆိုပြီး ရယ်ကျဲကျဲပြောင်ပြလိုက်ရတာပေါ့။ gtalk မှာ ဒီလို ...“:D,:P” ...
စကားကောင်းကောင်းမွန်မွန်လာပြောတဲ့ brother တစ်ယောက်ကိုလည်း ဘုတောလွှတ်လိုက်တယ်။ ကိုယ့်ဘာသာမတတ်နိုင်တဲ့ကိစ္စအတွက် သူများကိုစိတ်ဆိုးမိတဲ့ကျွန်မကြောင့် အဲဒီ brother က ဓါးစာခံဖြစ်သွားရရှာတယ်။
ဒီလိုနဲ့ပဲ နှေးနှေးကွေးကွေးခြေလှမ်းနဲ့ အိမ်နားရောက်လာပြီ။ ထုံးစံအတိုင်းပါပဲ... ဟိုဟိုဒီဒီတိုက်ခန်းတွေက မှောင်မှောင်မဲမဲနဲ့ပဲ။ အိမ်ရှေ့ရောက်တော့ ကျွန်မတိုက်ခန်းဆီမော့ကြည့်မိတယ်။
တစ်... နှစ်... သုံး... လေး... လေးထပ် ပိန်းပိတ်အောင်မှောင်နေတဲ့အခန်းပေါ့...
ကျွန်မပြန်လာရင် ၀ရံတာမှာ စောင့်ကြည့်နေတဲ့မေမေ့ကို ခါတိုင်း အရမ်းသတိမထားမိပေမဲ့ ခုချိန်မှာတော့ ... မရှိတဲ့မေမေ့ပုံစံကိုပုံဖော်ရင်း မျက်ရည်က၀ဲကနဲဖြစ်ရပြန်ပြီ။
ကျွန်မအဲ့လို အငိုလွယ်တတ်တာကို မကြိုက်လို့ လေ့ကျင့်နေပါရက်နဲ့။ မငိုစမ်းနဲ့ ။ လုပ်စရာရှိတာလုပ်ပါ။ လုပ်ရမှာက ပထမဆုံး လှေကားကိုတစ်လှမ်းချင်းတက် .. ဟုတ် ... မီးလာရင်တောင် လှေကားမီးဖွင့်ထားဖို့ ပျက်ကွက်တတ်တဲ့ ကပ်စေးနဲအခန်းဖော်တွေကြောင့် ကျွန်မတို့လှေကားက မှောင်ထဲမှာပဲ ခပ်ကုပ်ကုပ်နေခဲ့ရတာလဲကြာပြီပေါ့။
မေမေသာရှိရင် လှေကားမီးအမြဲဖွင့်ထားတတ်တယ်။ မီးပျက်တဲ့နေ့တွေမှာ လှေကားမှာဖယောင်းတိုင်ထွန်းထားတတ်တယ်။ ကျွန်မလာပြီဆိုရင် လှေကားတစ်ဆစ်ချိုးလောက်ထိဆင်းလာပြီး ကျွန်မလက်ထဲက အထုတ်တွေပါလာရင် ဆင်းဆင်းယူတတ်ပြန်တယ်။ ပြောမရလို့ ကျွန်မနောက်တော့မပြောတော့ပါဘူး။

မေမေသာဆိုရင် ... မေမေရှိရင်ဆိုတဲ့ ဒီအတွေးပဲ ၀င်ဝင်နေတော့တာပဲ။ ခုမေမေ မရှိဘူးလေ။
လှေကားထစ်တွေတက် ...တစ်ထစ် နှစ်ထစ် သုံးထစ် စမ်းပြီးတက်ရင်း အမနဲ့အတူတူပြန်တဲ့နေ့က သူပြောခဲ့ဖူးတာ သတိရလိုက်တယ်။ သူကလှေကားထစ်တွေကို လှေကားထစ်တွေရေတွက်ပြီး ရှေ့ကတက်သွားတယ်။ ကျွန်မတော့ အဲ့လိုတစ်ခါမှ မရေတွက်မိပါဘူးလို့ပြန်ပြောမိပေမဲ့ အမလိုပဲရေတွက်ပြီး လှေကားထစ်တွေတက်လာလိုက်တာ တစ်... နှစ်... သုံး....... ကိုး ဟုတ်သားပဲ လို့ စိတ်ထဲကတွေးလိုက်တယ်။ ခုတော့ အမပြောခဲ့ဖူးတာက အသုံးဝင်နေပြန်တယ်။
တစ် ... နှစ်... သုံး...... ကိုး .. လှေကားအကွေ့တွေမှာမှောင်နေတာများ.. ဘာကိုမှမမြင်ရပါဘူး၊ တစ်ယောက်ယောက်သာငုတ်တုတ်ထိုင်ပြီး ရုတ်တရက်လုယက်လိုက်ရင်လို့ တွေးလိုက်ရင်း ခေါင်းကနှစ်ဆလောက်ကြီးထွက်သွားတယ်။ ဖြစ်ဖူးကြမှာပါ၊ တစ်ခုခုကြောက်ရင် ခေါင်းနပမ်းကြီးတယ်ဆိုတာ .. တကယ့်ကို အဲ့လိုဖြစ်တာ၊ မေမေက ညီအမနှစ်ယောက်အတွက် မီးလေးပါတဲ့ ဘောလ်ပင်တစ်ချောင်းစီပေးထားတယ်။ ကျွန်မက အမြဲမေ့ကျန်ခဲ့တတ်လို့ အိတ်ထဲမှာ မေမေက မမေ့မလျော့ထည့်ပေးထားတတ်တယ်။
ခုမေမေလဲ မရှိရော ကျွန်မ ဂရုတစိုက်မယူပါဘူး၊ ဘယ်ရောက်နေမှန်းတောင်မသိဘူး။
ကျွန်မကအဲလို ခပ်ပေပေ။ ဒီလိုနဲ့ ကျွန်မအခန်းတခါးရှေ့ရောက်လာတယ်။ မေမေသာဆိုရင် တစ်ခါတစ်လေ ကျွန်မပြန်လာတာနဲ့လွဲသွားလို့ ၀ရံတာကမတွေ့လိုက်ပဲ ကျွန်မအခန်းတံခါးရှေ့ထိရောက်သွား... တံခါးခေါက်လိုက်ရင် ခပ်ပြုံပြုံးနဲ့ “ဒီနေ့နောက်ကျတယ်နော်” “ဒီနေ့တော့ စောသားပဲ” လို့ အဲဒီလိုပြောနေကျပါ၊
ခုတော့ သုံးခုတောင်ခပ်ထားတဲ့ သော့တွေကို ကျွန်မကိုယ်တိုင်ပဲ ဖွင့်ဖို့ကြိုးစားရတော့တယ်။
အိုး... ခက်လိုက်တာ... သော့တွေကလဲ ချက်ချင်းဖွင့်မရ ... မှောင်ထဲမှာပဲ သော့တွေတစ်ခုပြီးတစ်ခု ထပ်ပြောင်း၊ နောက်တစ်ချောင်း မရ ... ဂျလောက် ဟော ပွင့်သွားပြီ။ နောက်တစ်ခု... နောက်တစ်ခု .. သော့တွေဖွင့်မရတာလဲ မပြောနဲ့တော့ သော့တွေဖွင့်နေရင်းက နောက်ကျောဘက်ကိုလဲ မျက်ခြေမပြတ်လှည့်ကြည့်ရသေးတယ်။ မျက်နှာချင်းဆိုင်အခန်းက လူမရှိဘူး။ အဲဒီအခန်းကသံပန်းတံခါးလဲမရှိတော့ .. တံခါးကိုအခန်းပိုင်ရှင်က အပြင်ကခတ်ထားရဲ့လား မသေချာ၊ ကျွန်မပြန်လာမှ တံခါးဖွင်းပြီးအတွင်းထဲကနေ ၀ုန်းကနဲပြေးထွက်လာမှဖြင့်၊ အဲလိုသာဆိုရင် အဲဒီအချိန်မှာကြောက်လန့်ဖို့ထက် လုယက်မယ့်သူကို ကျွန်မဒေါသထွက်ထွက်နဲ့အော်မိမယ်ထင်တယ်။ လက်တွေတောင်ကိုက်လာပြီ။ သော့သုံးခုလုံးပွင့်သွားပါပြီ။
သော့ပွင့်သွားတာနဲ့ ချက်ချင်းအတွင်းကိုအကဲခတ် ... ခြေရာလက်ရာပျက်၊ မပျက်။
ပြီးရင် သံပန်းတံခါးကို ချက်ချင်းသော့ပြန်မခတ်ရဲသေးဘူး။ တံခါး lock ကိုအသာနှိပ်...
တခြားအခန်းဆီက စွေစောင်းစောင်းကျနေတဲ့ အလင်းရောင်မှိန်မှိန်လေးနဲ့ မျက်လုံးကိုအစွမ်းကုန်ဖြဲကြည့်ပြီး... ဟိုဟိုဒီဒီကြည့် ... သားကောင်ချောင်းတဲ့မုဆိုးလို ...
မဟုတ်ဘူး.. မုဆိုးကိုပြန်ချောင်းနေတဲ့သားကောင်... ခုချိန်မှာ ဖြစ်ချင်းဖြစ်သားကောင်ပဲ ဖြစ်တော့မှာပေါ့၊ အတွင်းတံခါးမကြီးကိုဖွင့်ပြီးအိမ်ထဲဝင် လက်ထဲမှာတော့ သော့ကြီးကြီးတွေကို လက်နက်သဖွယ်သဘောထားကိုင်စွဲလို့ ဘုရားစင်မှာ ဖယောင်းတိုင်အမြန်ထွန်း၊ အတွင်းကို အကဲခတ်၊ နေရာအလွတ်ရနေတဲ့ ဘက်ထရီမီးချောင်းကိုစမ်း.. ဖွင့် ... မီးလင်းသွားတော့ ခုနကထက် အနဲငယ်ရဲတင်းသွားတယ်၊ ဒါပေမဲ့ အနောက်ထဲကိုစစ်ဆေးရဦးမယ်။ သော့ကသေးတော့ လူတစ်ဦးနဲ့သာတွေ့ရင် အနီးကပ်တိုက်ခိုက်ရမှာ၊ ဒါနဲ့ တံမြက်စည်းတစ်ချောင်းကိုယူကာ အသင့်အနေအထားနဲ့ အသာယမ်းပြီး မီးဖိုခန်းထဲကိုဝင်တယ်။
toilet တံခါးကိုဖွင့် ... ဘာမှမရှိ၊ ရေချိုးခန်း .. ဘာမှမရှိ၊
သံပန်းတံခါးပိတ်ပြီးမှ မတော်လို့များ လူတစ်ယောက်ယောက်ပုန်းအောင်းနေခဲ့ရင် ကျွန်မထွက်ပြေးဖို့ခက်သွားမှာပေါ့၊ မရီပါနဲ့၊ ကျွန်မကိုကျွန်မကာကွယ်ဖို့ ကျွန်မပဲတတ်နိုင်တာကိုး။ အတွင်းမှာစစ်ဆေးပြီး အားလုံးရှင်းလင်းတယ်ဆိုမှ သံပန်းတံခါးကိုသော့ခတ်တယ်။ သော့ခတ်တဲ့အချိန်မှာလဲ အင်မတန်ကြောက်ဖို့ကောင်းတယ်၊ ကျွန်မကြည့်ဖူးတဲ့ရုပ်ရှင်တွေထဲလို .. လူဆိုးကလာနေပြီသော့ကခတ်လို့မရသေး.. လာနေပြီ..လာနေပြီ.. မြန်မြန်..လူဆိုးကအနားရောက်တော့မယ်ဆိုမှ သော့ကခတ်လို့ရသွား...
ဒီလိုများဖြစ်ခဲ့ရင်ဆိုပြီး ကြောက်ပြန်တယ်။ သော့တော့ခတ်ပြီးသွားပါပြီ။
ပြီးတော့ ခြေလက်ဆေး၊ ရေချိုးဖို့ပြင်၊ အဲဒီအချိန်မှာတော့ ကြောက်စိတ်နဲနဲပြေသွားတယ်။
ရေချိုးပြီးတော့ အမကြော်ပေးသွားတဲ့.. ဘာလချောင်ကျော်၊ ကြက်သားအမွကြော်တွေရှိပေမဲ့ ထမင်းမစားချင်ပါ၊
ခုနက ဆိုင်ကဆွဲဝယ်လာခဲ့တဲ့ တွေ့ကရာ သရေစာတွေ.. အာလူးကြော်၊ ငါးမုန့်ကြော်တွေကိုကြောင်စီစီကြည့်ရင်း ..
မိုင်လိုတစ်ခွက်ဖျော် ... ငါးမုန့်ကြော်ထိုင်စား... ခါတိုင်း ဆာရင်ထမင်းနဲနဲစားထားပြီး ... ကျွန်မပြန်လာမှထမင်းတူတူစားလေ့ရှိတဲ့ မေမေ့ကိုသတိရပြီး မျက်ရည်တွေကျလာပြန်တယ်။
ဟူး... ငါးရက်တောင် ... ကျွန်မအိပ်ရဲပါ့မလား... မီးကတော့မလာပါဘူး။
ရုံးသွားရင် မိန်း(မီး)ပိတ်သွားဖို့ မေမေမှာတတ်လို့ အပြင်သွားတိုင်း မိန်းပိတ်ခဲ့တယ်။
မိန်းဖွင့်ဖွင့် မဖွင့်ဖွင့် မီးကိုက မလာတာ၊ ကျွန်မရောက်ရောက်ချင်းမိန်းဖွင့်ပြီးပြီပဲ။
မုန့်စားပြီးတာနဲ့ သွားတိုက်၊ ဒီအမှောင်ထုကြီးကိုမမြင်ချင်တော့လို့ စောစောအိပ်တော့မယ်။ သူငယ်ချင်းတစ်ယောက်ကမှာတယ်.. “ဘုရားစာရွတ်အိပ်”တဲ့ .. ဟုတ်.. ဟုတ်.. ဟုတ်။
လက်မှာ စိတ်ပုတီးပတ်ပြီး အိပ်ရာထဲဝင် ဘုရားစာရွတ်။ တရေးနိုးလို့မဖြစ်ဘူး၊ တရေးနိုးတဲ့အချိန်မှောင်မဲနေတာကျွန်မအကြောက်ဆုံးပဲ၊ တစ်ရေးမနိုးမှဖြစ်မယ်။ ကျွန်မအအေးမိပြီးနှာချေတတ်လွန်းလို့ ဆရာဝန်မက cetiriz ဆေးတွေပေးထားတယ်။ အဲဒီဆေးကအိပ်ငိုက်တယ်၊ နှစ်လုံးလောက်သောက်လိုက်တယ်။ ဒါဆို အသေအချာအိပ်တော့မှာပဲ၊ အိပ်ပျော်သွားတယ်။ ည၁၂နာရီကျော်တော့ မီးလာပါတော့တယ်။ မထချင်ပေမဲ့ အမြန်ထ ရေတင်၊ ရေဖြည့်၊ ရေမပြည့်ခင်မှာပဲ မီးကပြန်ပျက်သွားပြန်ပြီ။ အားငယ်ခြင်းတစ်ဝက် မျှော်လင့်ခြင်းတစ်ဝက်နဲ့ မီးပြန်အလာကိုခဏလောက်စောင့်နေလိုက်တယ်။ မီးမလာတော့ပါဘူး။ ပြန်အိပ်လိုက်တော့တယ်။
နောက်တစ်နေ့ နေ့လည်လောက် မေမေ ဖုန်းဆက်တယ်၊ “သူငယ်ချင်းလာအိပ်ရဲ့လား”.. “ဓာတ်မီး(ဘောပင်လေး)ပါရဲ့လား”၊ “မိန်းပိတ်နော်.. အပြင်ထွက်ရင်” ဟုတ်.. ဟုတ်.. ဟုတ်..
နောက် အမကဖုန်းဆက်ပြန်တယ်။ “သူငယ်ချင်းလာအိပ်ရဲ့လား” ဟုတ်... “ခေါ်မေးကြည့်မယ်၊ ရှိလား” တဲ့ “သူ အလုပ်ရှုပ်နေတယ်၊ လာအိပ်တယ်၊ ဘာမှစိတ်မပူပါနဲ့” ခပ်အေးအေးပြောလိုက်တဲ့ ကျွန်မအသံကြောင့် အမကစိတ်ချသွားဟန်နဲ့ ဖုန်းချသွားတယ်။


ဒုတိယည
ဒီညလဲ ပထမနေ့လိုပဲ ကြောက်နေတုန်းပဲ။
မီးလာတဲ့နေ့ဆိုတော့ ဘေးခန်းတွေကလင်းနေတယ်။ သိပ်မဆိုးလှပါဘူး။
လှေကားကတော့ ထုံးစံအတိုင်းမှောင်မြဲမှောင်လျှက်ပါပဲ။ ကျွန်မအခန်းထဲကိုအရောက် မိန်း(မီး)ဖွင့်၊ မီးချောင်းတွေလဲလင်းလာရော မီးကဖြတ်ကနဲပျက်သွားတယ်။ မီးရောင်ကိုမြင်ပြီးမှ ချက်ချင်းမီးကပျက်သွားတော့ ကြောက်လန့်စိတ်တွေက ၀ုန်းကနဲပြေးဆောင့်တော့တယ်။ မကြောက်နဲ့၊ ဘုရားစဉ်မှာ ဖယောင်းတိုင်ပြေးထွန်း ဘက်ထရီ မီးချောင်းထွန်း၊ မနေ့ကလို စွန့်စားခန်းတွေ တစ်ခုချင်း... တစ်ခုချင်း .. ရှင်းလင်း။

တတိယည
တော်တော်လေး ရဲရင့်လာပြီလို့ ဆိုနိုင်ပါတယ်။ ထင်ထားသလောက် သိပ်မကြောက်တတ်တဲ့ ကိုယ့်ဘာသာနည်းနည်းတော့ သဘောကျသွားတယ်။ ဒီလိုနဲ့အိပ်ပျော်သွားတော့ တစ်ရေးနိုး ခပ်ဟဟဖွင့်ထားတဲ ဘုရားစင်ဘေးမှန်တံခါးဆီမှာ .. လရဲ့အလင်းရောင်နဲ့... မဲမဲအရိပ်ကြီးတစ်ခုကတစ်လှုပ်လှုပ် ပုံပန်းမကျ..
မှန်တံခါးဆီကပဲ အခန်းထဲဝင်ဖို့ကြိုးစားနေသလို၊ မကြောက်နဲ့ သေချာကြည့်ပါဦး၊
ကျွန်မ သတိရလိုက်ပါတယ်... မအိပ်ခင်က လျှော်လှန်းထားတဲ့ အင်္ကျီက လေတိုးနေတာမို့ တလွင့်လွင့်၊ လူတစ်ယောက်မဟုတ်မှန်းသိရက်နဲ့၊ ကြည့်ရင်း ကြည့်ရင်း ပိုပိုကြောက်လာပြန်တယ်... လှုပ်နေတဲ့ပုံစံကိုက ကိုယ့်ရို့ကားရား.. ကျွန်မထသွားလိုက်ပြီး ရုတ်ထားလိုက်တော့တယ်။ မှန်တံခါးတွေရှိသမျှ အကုန်ပိတ်ပြီး ကြောက်ကြောက်နဲ့ စောင်ခြုံပြီးအိပ်တော့...
အချမ်းပေါ့လာတဲ့ အချိန် ချွေးတွေကိုပြန်နေတာပဲ၊
မျက်ရည်တွေကျလာပြန်ရော၊ အော်.. ရဲရင့်လာပြီလို့ထင်နေကာမှ၊

မနက် အိပ်ရာထ ဘုရားသောက်တော်ရေလဲ၊ ပန်းလဲ၊
မေမေ မရှိပေမဲ့ မပျက်မကွက်လုပ်ဖြစ်တာတစ်ခုက ရုံးသွားခါနီး ဘုရားစင်က သပြေရွက် ၃ရွက်ဖြုတ်ပြီး အိတ်ထဲထည့်ယူသွားတာပါ။ မေမေက ရုံးသွားခါနီးတိုင်း အန္တရယ်ကင်းအောင် သပြေရွက် ၃ရွက်ထည့်ပေးနေကျဆိုတော့...

စတုတ္ထည
ဒီညကတော့ ကံကောင်းတယ်ဆိုရပါမယ်။ မီးလာနေတယ် သူငယ်ချင်းဆီကယူလာတဲ့ ကြွက်စားဖိုမှူးကာတွန်းကားကို ကြည့်နေလိုက်တယ်။ ရဲရင့်လာပြီဆိုပေမဲ့ နဲနဲလေးတော့ ကြောက်နေသေးတာပါပဲ။
ပဉ္စမည
ဟူး... ရုံးပိတ်ရက်ဆိုတော့ လုပ်စရာရှိတာတွေလုပ်ရမယ်။
တစ်အိမ်လုံး ရှုပ်နေတာတွေ အကုန်ရှင်း၊ အမကပြောဖူးတယ် ကျွန်မအိမ်ရှင်းရင် သိပ်မြန်တယ်ဆိုပဲ .. မြှောက်ပြီးခိုင်းတာနေမှာ... အဲဒီစကားကိုနားထဲကြားမိလေလေ ကျွန်မက ပိုမြန်မြန်ပြီးအောင် အရှိန်မြှင့်ပြီး အိမ်ရှင်းလေလေပါပဲ။
နောက်လျှော်စရာရှိတာတွေ ခြေသုတ်ဖုံတွေ အကုန်ဝုန်းဒိုင်းကြဲလျှော် ထမင်းချက်၊ ဟင်းချက် ဟင်းက မနေ့က၀ယ်လာတဲ့ ငရုတ်သီးတောင့်ပွကြီးတွေကို စိတ်ကြိုက် ကြက်သွန်နီအနှစ်များများနဲ့ ဆီအိအိချက်၊ အားလုံးရှင်းလင်းပြီးချိန်ရောက်တော့ ၁နာရီကျော်ပြီ ရေချိုး ထမင်းစား၊ ကိုယ့်ဘာသာချက်ထားတာစားရင်း သဘောတွေကျလို့ ပြုံးဖြီးဖြီးနဲ့၊ နေ့ခင်းဆိုတော့ ဘာမှမကြောက်၊ အလင်းရောင်တွေကဘေးပတ်ပတ်လည်မှာ လင်းထိန်နေတာဆိုတော့...
ထမင်းစားပြီး မဖတ်ရသေးတဲ့ ဖတ်စရာစာအုပ်၊ ဂျာနယ်တွေ အကုန်စုပြုံယူလာ၊ ဖတ်ရင်း အိပ်ငိုက်။ ညနေရောက်တော့ တနင်္ဂနွေညကိုတော့ ဖြတ်ကျော်ရဦးမယ်ဆိုတာတွေးပြီး ရင်လေးသွားတယ်။ မနက်ဖြန်အတွက်တော့ ဟင်းချက်သွားမယ်ပေါ့။ မေမေရှိတုန်းက ဟင်းကူချက်ပေးပေမဲ့
ဈေးဝယ်တာကတော့ မေမေကပဲ သူကြိုက်တာလေးတွေ ၀ယ်ဝယ်လာတတ်တော့ ကားဂိတ်နားမှာရှိတဲ့ အသီးအရွက်တွေရောင်းတဲ့ဆိုင်ကို မျက်စိထဲဝင်အောင်ကို မကြည့်ဖြစ်ခဲ့ဘူး။
ခုတော့ ဘာတွေများစားချင်တာရှိမလဲ စူးစမ်းမိတယ်။ မှိုတွေ တွေ့တော့ ...
မှိုတွေဝယ်ပြီး မှိုရတဲ့မျက်နှာမျိုးနဲ့ အိမ်ပြန်လာလိုက်တယ်။ မီးလာနေတော့ မှိုတွေဆီသတ်... နောက်နေ့ရုံးထမင်းချိုင့်ထည့်ဖို့ပြင်ထားလိုက်တယ်။
ကျွန်မရဲ့စွန့်စားခန်းကဒီလောက်ပါပဲ။

ခုချိန်ပြန်ရေးပြရင် ... ဘာမှမဟုတ်တော့ပါဘူး။
ဒါပေမဲ့ ကျွန်မနားလည်လက်ခံလိုက်တာက လူတစ်ယောက်ဆီမှာ မမြင်နိုင်တဲ့စွမ်းအားတွေရှိတယ်။
ကျွန်မတို့ ဘာကိုမှကြောက်နေဖို့မလိုဘူး။ လူဆိုတာ တကယ်လိုအပ်လာတဲ့အချိန်မှာ အားလုံးဟာ အနည်းဆုံးတော့ ကျွန်မတို့ပတ်ဝန်းကျင်ကွက်ကွက်လေးမှာ သူရဲကောင်းတွေဖြစ်သွားနိုင်တယ်။
ပြီးတော့ နယ်ပယ်တွေ ချဲ့ထွင်ရမယ်။

အားလုံးဟာ ကိစ္စတွေကိုဖြေရှင်းနိုင်ပါမယ်။
ကျွန်မတို့ ရဲရင့်ကြဖို့လိုမယ်မဟုတ်လား။

A letter to Santa Claus


ချစ်ရတဲ့စန်တာကလောစ့်ရေ

ဒီခရစ်စမတ်မှာလည်း ကလေးငယ်တွေနဲ့ အလုပ်ရှုပ်နေဦးမှာကိုသိပေမဲ့ စာရေးလိုက်ပါတယ်၊ မိဘစကားနားထောင်တဲ့ ချစ်စရာကလေးငယ်တွေနဲ့ ပြောင်နောက်နောက်ကလေးငယ်တွေ အတွက် သူတို့လိုချင်တဲ့ အရုပ်တွေစုဆောင်းရင်း၊ သကြားလုံးတွေတစ်ပွေ့တစ်ပိုက်ထမ်းရင်း လိုက်လံဝေငှဦးမယ်မဟုတ်လား၊ ကျွန်မက ကလေးငယ်လေးမဟုတ်တော့ပေမဲ့ ဆိုးပေနေတဲ့ သူတစ်ယောက်မဟုတ်တော့ စာကို အဆုံးထိဖတ်ပေးဖို့ တောင်းဆိုချင်ပါတယ်၊ ကျွန်မလိုချင်တာတွေ ဖြစ်ချင်တာတွေ ဒီခရစ်စမတ်မှာပြည့်ဝရရင် သိပ်ကောင်းမှာပဲ၊ ကျွန်မတောင်းကြည့်ချင်ပါတယ်၊

ကျွန်မ နဲ့ ကျွန်မအမျိုးသားတို့အတွက် ချစ်စရာသမီးလေးနဲ့သားလေး ကို ပေးပါ၊ ကျွန်မအတွက် ကျွန်မတတ်ကျွမ်းတဲ့အလုပ်မျိုးကိုလြဲမန်မြန်ပေးပါ၊ ဆားရ်ဘီးယန်းစကား (ဆရပ်စကီး) မြန်မြန်တတ်ကျွမ်းဖို့ ကူညီပေးပါ၊ အင်္ဂလိပ်စကားပြောကိုလဲ အင်္ဂလိပ်၊ အမေရိကန်လေသံမျိုးနဲ့ပြောနိုင်အောင် ကူညီပေးပါ၊ ကျွန်မ အမျိုးသားအတွက် လဲ သူဆွဲသမျှ ပန်းချီကားတွေအားလုံး ဈေးကြီးကြီးပေးသိမ်းကြုံးဝယ်မယ့် သူဌေးကြီးတစ်ယောက်ကိုလဲ ကျွန်မတို့နဲ့လက်လှမ်းမှီတဲ့နေရာမှာ ပို့ထားပေးပါ၊ ကျွန်မ ချစ်ရတဲ့၊ ကျွန်မကို ကလေးတစ်ယောက်လို စောင့်ရှောက်တတ်တဲ့ ကျွန်မအမျိုးသားနဲ့လဲ အမြဲ ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ စောင့်ရှောက်ပေးပါ၊ ခေါင်းခဏခဏကိုက်တတ်တာကိုလဲ တားဆီးပေးပါ၊ စာရေးရတာ အမြဲအာရုံရဖို့ ခေါင်းကြည်နေဖို့ စောင့်ရှောက်ပေးပါ၊ ကျွန်မရေးချင်သမျှလျှောက်ရေး၊ ကျွန်မလျှောက်ရေးသမျှထည့်ပေးမယ့် မဂ္ဂဇင်းတစ်စောင်နဲ့လဲ ကျွန်မကိုချိတ်ဆက်ထားပေးပါ၊

ကျွန်မ ပေါ့ပေါ့ဆဆနေလိုက်မိတာနဲ့ နှာချေ၊ ပြီးတော့ ဖျားတတ်လွန်းလို့ ဒီရာသီဥတုနဲ့ အမြန်ဆုံး လိုက်လျောညီထွေဖြစ်ဖို့ စောင့်ရှောက်ပေးပါဦး၊ နှင်းကျပြီးအေးလိုက်၊ မြူတွေပိတ်နေအောင်ဝေနေပြီး အေးလိုက်၊ မိုးဖွဲဖွဲနဲ့အေးလိုက်၊ လေအေးအေးနဲ့အေးလိုက် အေးနည်းမျိုးစုံအေးနေတဲ့ ရာသီဥတုနဲ့ ဒီ ဒီဇင်ဘာမှာ အမြန်ဆုံး သင့်မြတ်ဖို့ ကူညီပေးပါ၊ အေးတဲ့ရာသီဥတုကို သိပ်ကြိုက်သလို အကျီင်္အများကြီးမ၀တ်ရပဲ၊ ခေါင်းစွပ်မစွပ်ရပဲ အပြင်ထွက်နိုင်အောင် ခံနိုင်ရည်ရှိဖို့ စောင့်ရှောက်ပါ၊

ပြီးတော့ ပေါ့ပေါ့ပါးပါး ရသ၀တ္ထုတိုလေးတွေရေးပေးပါလို့ တောင်းဆိုတဲ့ မဂ္ဂဇင်းအယ်ဒီတာမျိုးကိုလဲ ကျွန်မမေမေ ရေးချင်တဲ့ ဘာသာပြန်နိုင်ငံရေးစာမူတွေမှန်သမျှ ထည့်ပေးဖို့ ပြောထားပေးပါဦး၊ လမ်းဘေး တွေ့သမျှ ကွမ်းယာဆိုင် ဆေးရွက်ကြီးတောင်းတတ်တဲ့ ဖေဖေလဲ ကွမ်းယာဆိုင်က ကလားလေးတွေ၊ ကလားမလေးတွေ၊နဲ့ ကလားလို မတောက်တခေါက်ပြောရင်း ပျော်ပျော်ရွှင်ရွှင်နေစေဖို့ ကူညီပေးပါ၊

မုန့်ဟင်းခါးစားချင်ပါတယ်၊ အစုံသုတ်၊ ရှောက်သီးသုတ်စားချင်ပါတယ်၊ IM ရုံးဘေး၊ သမ္မတရုံလမ်းကြားက ကလားကြီး လဘက်သုတ်လဲ စားချင်ပါတယ်၊ ကလားကြီးပလာတာကို ချောကြီး၊ ထူးထူး၊ ကိုပက်ထရစ် တို့ နဲ့ လုစားကြတာသတိရနေလို့ပါ၊ ကြက်သားကြော်ကျွေးဖို့ တွေ့တိုင်းပူဆာတတ်တဲ့ အွန်လိုင်းက သူရဦးကိုလဲ သူ ပူဆာတိုင်း ၀ယ်ကျွေးမယ့်အမတစ်ယောက်ကိုလဲ ရစေချင်ပါတယ်၊ ကျွန်မတို့ကို အလုပ်တွေများများခိုင်းလို့ ကျွန်မတို့စိတ်ဆိုးတိုင်း ဘယ်တော့မှ လိုက်ပြီး စိတ်မဆိုးတဲ့ IM က မန်နေဂျာကိုဘန်နီကိုလဲ အမြဲပြုံးနေစေချင်ပါတယ်၊ ချောကြီးကို အလုပ်တွေဖိမခိုင်းပဲ ချောကြီးအတွက် မုန့်ဝယ်ကျွေးဖို့ တိုက်တွန်းပေးပါ၊ ချောကြီးလဲ ပျော်ရွှင်ချမ်းမြေ့ နေစေဖို့စောင့်ရှောက်ပေးပါ၊ စင်္ကာပူက ပုံခဏခဏပြောခိုင်းတဲ့ဟန်ဟန်(မဟန်စု)လဲ အမြဲမြူးတူးပျော်ရွှင်နေစေဖို့စောင့်ရှောက်ပါ၊ လန်ဒန်က စာအရေးကောင်းလှတဲ့ ကိုမျိုးသာထက်လဲ laptop အသစ်လေးနဲ့ ပိုစ့်အသစ်အသစ်၊ စာအသစ်အသစ်တွေ အများကြီးရေးနိုင်အောင်၊ ရုပ်ရှင်ကားကောင်းတွေ ကြည့်နိုင်အောင်စောင့်ရှောက်ပေးပါဦး၊ သဘောအကောင်းလွန်တတ်တဲ့ ကိုစောဟန်လဲ သူ့ အသည်းလေးနဲ့ စက်ာပူမှာ လက်ထပ်ဖြစ်ဖို့ စောင့်ရှောက်ပေးပါ၊ ဈေးဝယ်ထွက်တာကျွမ်းကျင်တဲ့ ထူးထူးလဲ ရှော့ပင်းစင်တာရှိသမျှအထပ် ရှိသမျှဆိုင်ခန်းအားလုံးရှောက်ကြည့်လို့ တစ်ပွေ့တစ်ပိုက်ကြီး ၀ယ်စေချင်ပါတယ်၊ ဘီယာသိပ်ကြိုက်တဲ့ ကျွန်မ သူငယ်ချင်း ဇော်ဇော်လည်း သူ့အသည်းလေးခွင့်ပြုချက်နဲ့ ဘီယာတွေ၊ ၀ီစကီတွေ စိတ်ကြိုက်သောက်နိုင်စေဖို့ကူညီပေးလိုက်ပါ၊ စရိတ်မထောင်းပဲ အတိတ်စောင်းပြီး ဆိုက်ပရပ်စ်ရောက်နေတယ်ဆိုတဲ့ သူငယ်ချင်း နေညိုရင့်(ရဲထွတ်နောင်)လဲ မြန်မာအစားအစာတွေတစ်ဝကြီးစား၊ သူငယ်ချင်းတွေနဲ့ လဘက်ရည်ဆိုင်ထိုင် အလုပ်တွေကောင်းကောင်းလုပ်၊ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ပါစေ၊ IM က ဗြဲဗြဲ(ထွန်းနိုင်လင်း)လဲ အမြဲတမ်း တဗြဲဗြဲနဲ့ ရီမောပြုံးရွှင်နေအောင် စောင့်ရှောက်ပါ၊ စင်္ကာပူက ကွန်ပျူတာပညာရှင် အရွယ်တင်လှတဲ့ ပီပီ(ပြည့်ဖြိုးရှိန်)လဲ brand အကောင်းစားတွေပဲ ၀ယ်ချင်တဲ့အချိန်ဝယ်နိုင်အောင် စောင့်ရှောက်ပေးပါဦး၊ ကျွန်မ အမ ၀က်သိုးအတွက်လဲ စာအုပ်မြန်မြန်ထုတ်နိုင်အောင် ကူညီပါ၊ သူ့စာအုပ်မှာ သူ သုံးချင်တဲ့ ပုံတွေ ထုတ်ဝေသူက သုံးပေးဖို့လဲ ကူညီပေးပါ၊

အိမ်နားက မြေအောက်လမ်းထဲ အကော်ဒီယံတီးလို့ ပိုက်ဆံအလှူခံတဲ့သူကြီးလဲ ပိုက်ဆံတွေအများကြီးရဖို့ စောင့်ရှောက်ပါ၊ ဂျစ်ပဆီကလေးငယ်တွေအတွက်လဲ သူတို့လိုအပ်သမျှတွေဖြည့်ဆည်းပေးပါ၊ ဒီဇင်ဘာနေ့တိုင်းမဟုတ်တောင် နေ့အတော်များများ နှင်းဖြူဖြူတွေကျဖို့ ကူညီပါ၊ ဆစ်ဒနီမှာရှိနေတဲ့ ကျွန်မ အချစ်ဆုံးအကို ရရလဲ မြန်မာပြည်နှစ်တိုင်းပြန်လည်နိုင်ဖို့ကူညီပေးပါ၊ သူလိုချင်သမျှ ပစ္စည်းဆန်းဆန်း မှန်သမျှဝယ်နိုင်အောင်စောင့်ရှောက်ပါ၊ သီချင်းအဆိုကောင်းတဲ့ ရရစိတ်ကြိုက်သီချင်းတွေ သူ့
ကိုယ်ပိုင်စတူဒီယိုလေးမှာဆိုပြီး တပြုံးပြုံးနဲ့ ကျေနပ်ပီတိဖြစ်နေနိုင်ဖို့လဲ စောင့်ရှောက်ပေးပါ၊ သူ့စိတ်ကြိုက် ခပ်လန်လန်ဒီဇိုင်းနဲ့ အမြဲ ပျော်ရွှင်နေနိုင်အောင်ကြည့်ရှုပါ၊ သူ့မိသားစုလေး အမြဲပျော်ရွှင်ပြီး ကမ်းခြေတွေမှာ အနားယူနိုင်ဖို့ ကူညီပါ၊

ဘယ်တော့မှ ငြိမ်ငြိမ်မနေ၊ တခုခု အလုပ်လုပ်နေတတ်တဲ့ ကျွန်မအမျိုးသားရဲ့ မာမာနဲ့တာတာလဲ သူတို့လုပ်ချင်တာလုပ်နေနိုင်အောင် ကျန်းမာစေဖို့စောင့်ရှောက်ပေးပါ၊ တူလေး ဖိုးလပြည့်လဲ ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်လာစေဖို့စောင့်ရှောက်ပါ၊ ကျွန်မအမျိုးသားရဲ့တူလေး အဲလက်စ်ကိုလဲ သူ့မေမေက သိပ်မဆူပဲ သူဆော့ချင်သမျှ ဒေါင်းလုပ် လုပ်ချင်သမျှ လုပ်ခွင့်ပေးဖို့ ကူညီပေးပါ၊

ပြီးတော့ တာတာ့သူငယ်ချင်းကိုစောင့်ရှောက်ပါ၊ သူက brain stroke ၂ခါ ရထားပြီး လမ်းမလျှောက်နိုင်ရှာဘူး၊ ကျွန်မတို့သွားလည်ရင် တွေ့တွေ့ချင်း ငိုသံပါပါလှိုက်လှိုက်လှဲလှဲနှုတ်ဆက်တတ်ပြီး ပြန်တဲ့အခါမှာလည်း မျက်ရည်လည် ငိုသံပါကြီးနဲ့ စိတ်မကောင်းဖြစ်ကျန်တတ်လို့ သူ လမ်းမြန်မြန်လျှောက်နိုင်ဖို့ ကူညီပေးပါ၊ သူ့ရဲ့ အမျိုးသမီးလည်း အရေပြားကင်ဆာက ကင်းလွတ်အောင်စောင့်ရှောက်ပေးပါ၊ သဘောကောင်းလှတဲ့ တာတာ့သူငယ်ချင်းနဲ့သူ့ အမျိုးသမီး ဒီနှစ်ဒီဇင်ဘာမှာ ကျန်းမာပျော်ရွှင်စေဖို့ စောင့်ရှောက်ပေးပါ၊

ချစ်ရတဲ့ စန်တာ ဒီဇင်ဘာမှာ ပျော်ရွှင်ပါစေ၊
Merry Christmas !


စန်တာကလောစ့်ဆီ စာရေးချင်ရင် လိပ်စာတွေက
• Santa Claus, North Pole, Canada, H0H 0H0
• Santa/Father Christmas, Santa’s Grotto, Reindeerland, SAN TA1
• Father Christmas, North Pole, SAN TA1
• Santa Claus, Santa Claus Village, FIN-96930 Arctic Circle, Finland.
စန်တာကလောစ့်အကြောင်းပိုပြီးစပ်စုချင်ရင်တော့ အဲဒီမှာ http://en.wikipedia.org/wiki/Santa_Claus ဖတ်ကြည့်ပါ၊


ခရစ်စမတ်ဘိုးဘိုးဆီ စာရေးကြတဲ့ အလေ့အထက ကလေးတွေအတွက် ခရစ်စမတ်ထုံးထမ်းစဉ်လာလို ဖြစ်နေခဲ့တာကြာပါပြီ၊ ကလေးတွေစန်တာဆီရေးကြတဲ့ စာတွေမှာ သူတို့လိုချင်တဲ့ အရုပ်တွေကို စန်တာဆီစာရေးတောင်းကြပါတယ်၊ လိမ်မာတဲ့ကလေးငယ်တွေကိုချစ်တဲ့ စန်တာဆီ သူတို့ဟာ မိဘစကားနားထောင်ကြောင်းအခိုင်အမာပြောဆိုကြပြီး အရုပ်ကလေးတွေတောင်းတတ်ကြတယ်၊ မိန်းကလေးတွေက ယောက်ျားလေးတွေထက်စာကိုပိုရှည်ရှည်ရေးသားပြီး ပိုမိုယဉ်ကျေးစွာ ရေးသားကြတယ်လို့ဆိုတယ်၊ မိန်းကလေးတွေက သူများတွေအတွက် တောင်းဆိုပေးတတ်ကြတယ်၊ စာတိုက်ဝန်ထမ်းတွေနဲ့ တခြား volunteer တွေက ကလေးငယ်တွေရဲ့စာကို ပြန်စာရေးပေးကြတယ်၊ ကျွန်မက ကလေးငယ်လေးမဟုတ်တော့ စန်တာက ကျွန်မရဲ့စာကိုဖတ်လိမ့်မယ်မထင်ပါဘူး၊ လူတိုင်းလူတိုင်း၊ လူကြီးတိုင်း ကလေးတိုင်း သူတို့လိုချင်တာတွေ စာရွက်ပေါ်ချရေးလိုက်တယ်ဆိုရင်ပဲ စိတ်ပေါ့ပါးသွားတတ်ကြပါတယ်၊ ဘာပဲဖြစ်ဖြစ်ပါ၊ ခရစ်စမတ်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။ ။

လူ နှင့် အကောင်

ဒီနေ့မနက်အိပ်ရာထ၊ မျက်နှာသစ် မနက်စာစား ပြန်အိပ်၊ အိုး မှားလို့ ဒီနေ့တော့ ပြန်အိပ်လို့မဖြစ်ချေဘူး၊ အပြင်လောကမှာလူတွေဘာတွေဘယ်လိုဖြစ်နေတယ်ကြည့်သင့်တယ်၊ အင်တာနက်က တီဗီကလာတဲ့ live သတင်းတွေကြည့်တိုင်း လူက live ဖြစ်တာမှ မဟုတ်တာ၊ ဆောင်းခိုကောင်တစ်ကောင်လို အိမ်ထဲနေ့တိုင်း ငြိမ်ကုပ်မနေသင့်ဘူးဆိုတော့ကာ ထူထူထဲထဲ အ၀တ်အစားတွေဝတ်၊ မံမီရုပ်လို အထပ်ထပ်ထုပ်ပိုးလို့၊ ကိုယ့်ဘာသာသံပတ်ပေးပြီး အပြင်ထွက်၊ အပြင်ရောက်တော့ လူတွေက ခါတိုင်းထက်ပိုထူးခြားနေသလိုပဲ၊ ခါတိုင်းတွေ့ဖူးတဲ့ ပိန်တယ်ထင်ရတဲ့ လူတွေက အ၀တ်ထူထူဝတ်ထားလျက်နဲ့ ပိုပိန်နေသလို၊ လှတယ်ထင်ရတဲ့သူက ပိုပြီးလှနေသလို၊ ၀တယ်ထင်ရတဲ့သူက ပိုပိုပြီးဝကုန်သလို အရာအားလုံးက အလွန်အကျွံတွေဖြစ်နေတော့တယ်၊ ရှေ့က လာနေတဲ့ ကားရထား ၂ခုတွဲကြီး ကြည့်ရတာလဲ အချိုးမပြေလှဘူး၊ တွဲ ၂ ခုအဆက်နေရာက ရာဘာတွန့်ကြီးတွေ ပိုပိုပြီးတွန့်လိမ်နေသလို ဘောက်ဖတ်ကောင်လိုပဲ၊ အဲဒီ တွန့်လိမ်လိမ်ကားပေါ်တက်၊ ကားထဲ အဲ .. ကားရထားထဲ နောက်ဆုံးခုံကို အလျင်အမြန်ပြေးထိုင်၊ အိုး နေရာလွတ်တွေ အများကြီးပါ၊ ဘတ်စ်ကားပေါ်ရောက် နေရာလုချင်နေတဲ့ အကျင့်က ပျောက်ပဲ မပျောက်နိုင်ဘူး၊ လေးလေးပင်ပင်ဖြစ်နေတဲ့ကျွန်တော် ဒီနေရာမှာတော့ လှစ်ကနဲ ၀ှီးကနဲ၊ ကားထဲမှာ ကျွန်တော်က နောက်ဆုံးခုံကိုရွေးထိုင်နေကြဗျ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော် က လူတွေလိုက်ကြည့်ရတာသိပ်ဝါသနာထုံတာ၊ ကောင်မလေးချောချော တောင့်တောင့် ဖြောင့်ဖြောင့်တွေမှ မဟုတ်ဘူး၊ အကုန်လိုက်လိုက်ကြည့်တာ၊ ပိုက်ဆံလိုက်တောင်းတတ်တဲ့ ဂျစ်ပဆီလေးတွေပါ မချန်ဘူး၊ အဲဒီကလေးတွေပါ လိုက်လိုက်ကြည့်တတ်ပေမဲ့ ပိုက်ဆံပေးဖို့တော့ လက်ကတွန့်ပြန်ရော၊ ကျွန်တော်က ကောင်းတဲ့လူ မဟုတ်ပါဘူးဗျာ၊ ဒီတော့ကာ ကားထဲ နောက်ဆုံးခုံမှာထိုင် ကားထဲ ပါသမျှလူ လိုက်ငေး၊ ဒါ ကျွန်တော့အလုပ်တွေထဲက တစ်ခုပေါ့၊

အလိုလေးဗျာ ခုံကြီးကလဲ ခါတိုင်းထက်ပိုပြီးအေးနေသလို၊ အေးစက်စက်ကြီး၊ ကိစ္စတော့မရှိပါဘူး၊ ကျွန်တော်က အအေးတော့ကြိုက်တယ်၊ ဒါနဲ့ ရထားက အဲ ကားက စထွက်တော့တယ်၊ ကားထွက်ပြီဆိုတာနဲ့ ငေးတော့တာပဲ အပြင်ဘက်ကိုငေးလိုက် ကားထဲ က လူတွေငေးလိုက် လည်ကို လိမ်ထွက်နေအောင်ငေးတာ၊ ဒါကြောင့်များ လည်လို့ လည်ပင်းလို့ ခေါ်တာများလားပဲ၊ ကျွန်တော် ပြောတယ်မဟုတ်လား၊ ဒီနေ့တော့ အလွန်အကျွံ တွေချည်းပါပဲဆို၊ ခုပဲ ကျွန်တော် အလွန်အကျွံ တွေးပစ်လိုက်ပြီ၊ ဘေးဘီ နှင်းတွေစုပြုံနေတဲ့ နေရာကြည့်ရင်း နှင်းအဖြူရောင်တွေက ပိုပြီးဖြူနေသလို၊ ဆွတ်ဆွတ်ဖြူကြီး၊ ထူပိန်းပိန်းအဖြူရောင်ကြီးတွေ နှင်းကျတာ ၃ ရက်လောက်ရှိပြီဆိုတော့ နှင်းတွေက မွမွလေးတွေကနေ ကျစ်ခဲခဲကြီးတွေဖြစ်ကုန်ကြပြီ။ နှင်းခဲနေတဲ့နေရာနားက ကားမှတ်တိုင်မှာ ကောင်မလေးနဲ့ ကောင်လေး၊ ကောင်မလေးက လက်ကလေးဆန့်ရင် ကောင်လေးလည်ပင်းလေးကို ပွတ်သပ်လိုက်တယ်၊ ကောင်လေးလည်ပင်းက ပိုဆန့်ထွက်လာလိုက်တာ ပြီးတော့ ခေါင်းလေးကိုသပ်လိုက်တဲ့အခါ ကျောက ခုံးကနဲ ထသွားပုံများ ကြောင်လေး ၂ ကောင်လိုပါပဲ။

ငေးနေရင်းက ရှေ့ ခုံတန်းမှာ အနက်ရောင် ကုတ်အကျီရှည်ဝတ်ထားတဲ့ အမျိုးသမီး ၂ ယောက် သုတ်ကနဲ ၀င်ထိုင်လိုက်တာတွေ့လိုက်တယ်၊ အတော့်ကို ပြာယီးပြာယာနဲ့၊ ခုံမှာထိုင်ပြီးမကြာဘူး ၂ယောက်သား ခေါင်းချင်းဆိုင်ပြီး စကားစပြောကြတော့တယ်၊ ပြောပုံကလဲ ကပ်ပြီးခပ်ကြာကြာ ပြောတာမဟုတ်ဘူးဗျ၊ ခေါင်းချင်ဆိုင်လိုက် ဖြတ်ဆို အပြင်ဘက်ကိုကြည့်လိုက်၊ ဆတ်ခနဲ ပြန်လှည့်ပြောလိုက်၊ ဆတ်ကနဲ ဆတ်ကနဲ လှည့်ပြောနေတာ၊ ကြည့်ရင်းကြည့်ရင်း ကျွန်တော့်မျက်စိထဲ စာကလေး ၂ ကောင်လို၊ ခိုလေး ၂ ကောင်လို မြင်နေမိတယ်၊ ဘေးဘက်တည့်တည့်လှည့်လိုက်ကာမှ၊ အဲ ပါးပါးလျားလျားရှိလှတဲ့ မျက်နှာချွန်းချွန်းလေးကြည့်ရတာ တကယ့် စာကလေးပေါက်စလေးလို အသက်နဲနဲကြီးပုံရတဲ့ အမျိုးသမီးကလဲ စာကလေးမျက်နှာလေးနဲ့ အမေနဲ့သမီးဖြစ်ဟန်တူရဲ့ သမီးစာကလေး လေးက အပြင်ဘက်ကိုကြည့်ရင်း လက်ညှိုးချွန်းချွန်းလေးနဲ့ တစ်ခုခုကိုညွှန်ပြရင်း အမေစာကလေးကိုပြောပြန်တယ်၊ ပြီးတော့ ၂ယောက်သား ဖြတ်ကနဲ ပြိုင်တူ လှည့်ကြည့်ကြပြန်တယ်၊ ပြီးတော့ ခေါင်းချင်းခဏလေးဆိုင်ပြီး စကားပြောလိုက်နဲ့၊ တကယ်ပဲဗျာ မျက်လုံးတွေမူးလိုက်တာ၊ ခေါင်းမမူးပဲ မျက်လုံးပဲ မူးတာ ခင်ဗျားတို့ ဖြစ်ဖူးလား၊ ခဏနေတော့ သမီးလေး က လည်တိုင်ရှည်ထွက်လာပြီး ဆင်းဖို့ပြင်တယ်၊ အမေကိုလဲ ဆတ်ကနဲ လက်ကတို့လိုက်သေးရဲ့၊ အဲဒီတော့ အမေကလဲ ပိုက်ဆံအိတ်ဆွဲလို့ ထလိုက်တာများ မြန်လိုက်ပုံက တကယ့်စာကလေးတွေ မနက်စောစော အစာရှာနေကြသလို၊ မှတ်တိုင်တစ်ခုမှာ ကားလဲ ရပ်ရော၊ တံခါးအဖွင့် စာကလေး၂ ကောင် လေထဲပျံထွက်သွားတဲ့အရှိန်မျိုးနဲ့ ဆင်းသွားကြတာ ခဏလေးနဲ့ အတော်ဝေးဝေးရောက်သွားကြတယ်၊

ဒီတော့မှ ကျွန်တော်လဲ တခြားသူတွေဆက်ငေးဖို့ ပြင်တယ်၊ အော .. ကားတောင် လူတော်တော်ကြပ်လာမှကိုး၊ ဒီတစ်ခါ ကျွန်တော့်မျက်စိထဲ ခပ်ဖိုင့်ဖိုင့်လူကြီးတစ်ယောက် မဆံ့မပြဲတိုးဝင်လာတယ်၊ သူ ကျတော့ တစ်မျိုး မိန့်မိန့်ကြီး၊ ၀က်ဝံကြီးတစ်ကောင်လို၊ အစားအလွန်းအမင်းစားပြီး ဗိုက်တင်းနေတဲ့ ခြင်္သေ့ကြီးလို ကားကြပ်လာလို့ အနောက်က အမျိုးသမီး တစ်ယောက်က နဲနဲရွှေ့ပေးဖို့ပြောတာကို လှည့်ကြည့်တာကိုကပဲ လေးလေးကြီး ခပ်ဖြည်းဖြည်းကြီး လှည့်ကြည့် ဖြည်းဖြည်းချင်းပဲ ပြန်လှည့်၊ ပြီးတော့ တဖြည်းဖြည်း နေရာရွှေ့ပေးပုံက ဗျာ တကယ့်ဝက်ဝံကြီးလိုပဲ၊ ပြီးတော့ နဲနဲ အခြေအနေပျက်သွားတဲ့ သားမွေးခေါင်းစွပ်ကြီးကို နေရာပြင်ပုံကလဲ ခြင်္သေ့ကြီး သူ့လည်ဆန်မွှေးခါသလို ခန့်ခန့်ညားညားရှိလှပါပေရဲ့၊ ခုနက မူးနေတဲ့ မျက်လုံးလဲ ခုမှ အမူးနဲနဲပြေသွားတော့တယ်၊ သိပ်နှေးလွန်းတဲ့ ဒီဝက်ဝံလိုလူကြီးကိုကြည့်ရတာကြာတော့ ပျင်းလာတာနဲ့ ကားအရပ် မှတ်တိုင်မှာစောင့်နေတဲ့ ကောင်မလေးတွေဆီအကြည့်ကပို့ပစ်လိုက်ရော၊ အိုး လာပြန်ပြီ သမင်မပျိုလေး .. ရပ်နေပုံကိုက နှင်းစီးဘွတ်အမြင့်စီးထားတဲ့ ခြေတိုင်သွယ်သွယ် ၂ချောင်းကိုလိမ်နေအောင် ယှက်ထားပြီး ကျော့ကျော့လေး၊ မျက်စလေးကချီလို့ တကယ့်သမင်မလေး ဟန်နဲ့၊ ဒီနေ့တော့ ဘယ်နေရာကြည့်ကြည့် အကောင်ပလောင်တွေလိုပဲ မြင်နေပါရောလား သမင်မလေး ဘေးဘက်မှာ အရပ်အမောင်းတော်တော်ကြီးကိုမြင့်တဲ့ ကောင်မလေး ရှည်လျားလှတဲ့ သူ့ခြေတံမှာ ၄လက်မကျော်မယ့် လည်ရှည်ဘွတ်အမြင့်ကြီးနဲ့ အဖြူ နဲ့ အနက်ကွက်ကြားနဲ့ ကြည့်ရတာ အဝေးကကြည့်လိုက်ရုံနဲ့ အထင်းသား တော်တော်လှတာဗျို့၊ သူကတော့ သစ်ကုလားအုပ်မလေးပေါ့၊ ဒါနဲ့ ကျွန်တော်စိတ်ဝင်စားလွန်းအားကြီးတာနဲ့ စောစောက လေးလံထှိုင်းမှိုင်းနေတဲ့စိတ်ကို အစာကျွေးဖို့ ခပ်သုတ်သုတ်ထပြီး အဲဒီမှတ်တိုင်မှာပဲ ဆင်းဖို့ပြင်လိုက်တယ်၊ ဒီလိုတော့လဲ လေးလံမယ် ထင်ရတဲ့ ကျွန်တော်က မြန်တော့မြန်သား၊

ကားပေါ်က ခြေတစ်ဖက်ထုတ် ပလက်ဖေါင်းပေါ်ခြေအချ၊ ဟောဗျာ .. ဆယ်ကျော်သက်ယောက်ျားလေးနှစ်ယောက် ကျွန်တော့်ကိုဘယ်က တစ်ယောက်၊ ညာကတစ်ယောက် ၀ုန်းကနဲ ခုန်ဝင်တိုးကြတာများ မျောက်နှစ်ကောင် ရန်ဖြစ်ပြီး ပြေးလွှားလာကြသလိုပဲ၊ လက်တွေခြေတွေကလဲ မငြိမ်ဘူး သူတို့အချင်းချင်းလဲ ပုတ်ခတ် ဆွဲကုတ်လို့၊ ကျွန်တော်ကျောဘက်ကိုလဲ မျောက်တစ်ကောင် အဲ တစ်ယောက်ရဲ့လက်က ရောက်လာလိုက်သေးတယ်၊ ပြီးတော့ ကားပေါ်ကို ခုန်တက်သွားလိုက်ကြတာ၊ မျက်စိမှုန်တဲ့သူခပ်ဝေးဝေးကကြည့် တကယ့်မျောက် ၂ ကောင်လိုပဲ၊ ကျွန်တော့်မှာ ကျောဘက်ဆီကနာချင်ချင်၊ ဒါနဲ့ နောက်တစ်ခါ ကျွန်တော့်ကို မတိုက်ခိုက်နိုင်အောင် မျက်စိကိုပြူးလို့ ဟိုဟိုဒီဒီ ဘေးရန်ကင်းအောင်ကြည့်ရပြန်တယ်၊

အော် .. ဒီနေ့တော့ လူတွေကိုကြည့်ရတာ မျက်စိထဲ အကောင်ပလောင်တွေပဲမြင်မြင်နေတော့တာပဲကိုး၊ ဒါကြောင့် ဒီနေ့ ကျွန်တော်အိမ်က ထွက်လာကတည်းက အလွန်အကျွံတွေမြင်နေတော့တာ၊ တွေးနေတော့တာ၊ ဒါနဲ့ ခဏလေးဗျို့ ကျွန်တော်ကရော ဘာအကောင်နဲ့ တူနေပါလိမ့် ..
ကျွန်တော့်တကိုယ်လုံး ဆတ်ကနဲ့ တောင့်တင်းသွားတယ်၊ အသင့်အနေအထားနဲ့ .. နားထဲမှာ စာကလေးတစ်သိုက်ရဲ့ တကျွီကျွီ အော်မြည်သံတွေ၊ အား .. အား လို့ ကျယ်ကျယ်လောင်လောင်အော်လိုက်တဲ့ ကျီးကန်းတစ်ကောင်ရဲ့ အသံ၊ ခိုညဉ်းသံ၊ ခွေးဟောင်သံ .. ကြောင်အော်သံ .. အိုး အသံတွေ အစုံ နားထဲပြေးဝင်လာလိုက်ကြတာ ..

ကျွန်တော်က ဘာကောင်နဲ့တူလဲ ခင်ဗျားသိရင်ပြောပြပေးပါ ..